မိုင်းလုံ ဒီဇင်ဘာလ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်က သွားလာရခက်ခဲသော တော်ကွတ်ကျေးရွာ၊ ကျောက်ဖြူကျေးရွာနှင့် နမ့်ခွန်ကျေးရွာများမှပြည်သူများ မိုင်းလုံမြို့ရုံးတွင်လာရောက် ဆောင်ရွက်ခဲ့ကြသည်။
ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကြီးတို့အား ညှိနှိုင်း၍ ကျေးရွာနေပြည်သူ များအား မိုင်းလုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် လာရောက်ဆောင်ရွက်ရာ လဝကဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စု အသစ်များ ပြုလုပ်ပေးခြင်း၊ မွေးတိုးများကိုဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လျောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသူများကို အသစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၁၅)ဦး စုစုပေါင်း (၂၇) ဦးနှင့် အိမ်ထောင်စု (၁၁)စုတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ပေးခဲ့ပြီး "ပန်းခင်း" စီမံချက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးပြီး ကျေးရွာရှိ ပြည်သူများကိုပြန်လည် ဖြန့်ဝေပေးရန် လက်ကမ်းစာစောင်များကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)