ပူတာအို ဒီဇင်ဘာ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦး၀င်းရဲထွန်းသည် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့၀င်များ၊ ပူတာအိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များ၊ မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့၀င်များ လိုက်ပါလျက် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က ပူတာအိုမြို့ မြို့မဈေး (မနက်ဈေး)တွင် ဈေးရောင်း ဈေး၀ယ်ပြည်သူများအား Mask အခု (၃၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ၀န်ကြီးနှင့်တာ၀န်ရှိသူများက ဈေးရောင်းဈေး၀ယ်ပြည်သူများ အနေဖြင့် Mask များ စနစ်တကျတပ်ဆင်ပြီး ဈေးရောင်းဈေး၀ယ်ပြုလုပ်ကြရန်နှင့် Mask တပ်ဆင်ခြင်းဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ တွင်ပူးပေါင်းပါ၀င်ရေး အသိပညာပေးပြောကြားသည်။
ထို့နောက် ၀န်ကြီးနှင့်တာ၀န်ရှိသူများသည် မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ (အမ်ဘူဒမ်း) အခြေခံပညာမူလတန်းကျောင်းနှင့် ပူတာအိုမြို့ နယ် ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးဆရာ ဆရာမများက RDT Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှုများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး ၀န်ကြီးက ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ရန်အတွက် တစ်ဆင့်စကားတစ်ဆင့် အသိပေးနိူးဆော် ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ဆေး ထိုးနှံသည့် ဒေသခံပြည်သူများအား Mask များအခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ဒီဇင်ဘာ (၆)ရက် ညနေပိုင်းက ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင် ခေါင်လန်ဖူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမ နှင့်တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ရေးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်းသိရသည်။