ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ    ဒီဇင်    ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ  ကျိုင်းတုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးသိမ့်သိမ့်ထွေးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်တို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ ကင်းဝေးပပျောက်စေရန် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ (၁၆)ရက်တာ အသိပညာပေး လှုပ်ရှားဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့်  အမျိုးသမီးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်တင်ပေးနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် စကားဝိုင်း ဆွေးနွေးပွဲကျင်းပရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မိုးသိမ့်သိမ့်ထွေး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ခိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဒုတိယရဲမှူးကြီး မီမီကို၊ ကျိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးစိုင်းရွှေအောင်၊ ကျိုင်းတုံမြို့ ရင်ခွင်မဲ့လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင် ဒေါ်နန်းမွန်းဆာတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းလာစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အမျိုးသမီးအခွင့်အရေး ပိုမိုရရှိရေးဆိုင်ရာများ၊ အကြမ်းဖက်ခံရသူများအား ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေများ၊  အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းတို့ကို အစိုးရဌာန၊ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို အသီးသီး ဆွေးနွေးကြပြီး တက်ရောက် လာကြသူများက အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းရာ  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)