ကျောက်ဖြူမြို့နယ်၌ အိုမိခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ကျောက်ဖြူ  ဒီဇင်ဘာ  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အိုမိခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံ လမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အိုမိခရွန် (Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ကူးစက်မှုမဖြစ်ပေါ်စေရန်နှင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများဖြစ်ပွား လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွား‌ရောက်ပြသကြရန်နှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများကိုလည်း အကြိမ်ပြည့် ထိုးနှံကြရန် စသည့် လိုက်နာရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် မြို့ပေါ် ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း