ကျိုင်းတုံ ဒီဇင်ဘာ ၉
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာလုပ်သား ၁၅၆ ဦးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ယမန်နေ့ ညနေ ၄ နာရီခွဲက ရောက်ရှိခဲ့ရာ ၎င်းတို့အား နေရပ်ဒေသ အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လာသူများအား တာချီလိတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ ဝမ်လုံး Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိကာ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ယမန်နေ့ ညနေပိုင်းတွင် ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထမင်းဗူး၊ ရေသန့်ဘူးများ ထောက်ပံ့ပေးပြီး ပြန်လည်ဝင်ရောက် လာသူများအနက် ကျိုင်းတုံမြို့နယ်မှ ၅ ဦးအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ ပို့ဆောင် ပေးကာ ကျန် နေရပ်ပြန် ၁၅၁ ဦးအား နေရပ်ဒေသအသီးသီး အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)