တောင်ဥက္ကလာပ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများ အလိုက် ပြည်သူများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးစားပေး ဦးတည်အုပ်စုအလိုက် ပြည်သူများကို စုရပ်များခွဲ၍ ကာကွယ်ဆေး ထိုးပေး ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိပြီး ဦးစားပေး ဦးတည်အုပ်စုအလိုက် ပြည်သူ များကို အမှတ်(၁၀)ရပ်ကွက်ရှိ ဟေမဝန်ဓမ္မာရုံ၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁) ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆)ရပ်ကွက်ရှိ ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်(၅)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)