သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

သာကေတ ဒီဇင်ဘာ ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ မြို့နယ် ဦးစီးမှူး ဦးသန်းဦး ကြီးကြပ်မှုဖြင့် အမှတ်၄/ မြောက်ရပ်ကွက်ရှိ သဗ္ဗမင်္ဂလသာသနာ့ဗိမာန်တော်၌ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်အား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ အား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလ ဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း စသည့်နည်းလမ်းများဖြင့် သာကေတမြို့နယ် (၁၉)ရပ်ကွက်အတွင်းရှိ အသက် (၁၀)နှစ်နှင့် အထက် နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်းအား ဆောင်ရွက်ပေးကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးသန်းဦးထံမှ သိရှိရသည်။

ယင်းသို့ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးမှုကို မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များအတွင်း လှည့်လည်ကြော်ငြာပေးခြင်း၊ လူစည်ကားရာ နေရာများတွင် လက်ကမ်းစာစောင်များကို ပြည်သူများသိရှိအောင် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိ ကြောင်းလည်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)