အလုံ ဒီဇင်ဘာ ၉
အလုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကို ယမန်နေ့၊ နံနက်(၉း၀၀)နာရီ အချိန်က အလုံ မြို့နယ်အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ လူငယ်များ ကွမ်း၊ ဆေးလိပ်အန္တရာယ်ကို သိရှိရှောင်ရှားနိုင်ရန်နှင့် ကာတွန်းရေးဆွဲခြင်းဝါသနာစွမ်းရည်မြှင့်တင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာပြိုင်ပွဲတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူ (၅)ဦးနှင့် ပြိုင်ပွဲဝင်များအား ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။