ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၅)ရပ်ကွက် ပင်လုံလမ်းတွင် မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

ဒဂုံမြောက် ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အမှတ်(၁၁၈၂)ရှိ  "ကနုတ်" စားသောက်ဆိုင်တွင် ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ (၃၅) ရပ်ကွက်၊ ပင်လုံလမ်း၊ အမှတ်(၁၁၈၂)တွင် "ကနုတ်" စားသောက်ဆိုင် အနောက်ရှိ အမျိုးသားအိပ်ဆောင်တွင် တပ်ဆင်ထားသော မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီးနှင့်  နာရေးကူညီမှု အသင်း(ရန်ကုန်) သီးသန့် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ရှိ  အမိုးဓနိ၊ အိပ်ဆောင်(၂)ခုနှင့် လူသုံးပရိဘောဂများ ပျက်စီးခဲ့ကြောင်းနှင့် မီးလောင်မှုနှင့် စပ်လျဉ်း၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မီးသတ် ဦးစီးဌာနမှ  သိရသည်။

မြင့်မြင့်ရီ