ကျောက်မဲ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်တွင် ယမန်နေ့နံနက်နံနက်ပိုင်းက အသက် ၁၈ နှစ်အထက် ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့်သူများကိုကွန်ဖြူးရှပ်ကျောင်း၌လည်းကောင်း၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမည့်သူများကို မြို့ကျက်သရေဆောင်ခန်းမတွင် လည်းကောင်းခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
ကျောက်မဲမြို့နယ်အနေဖြင့် မြို့ကျက်သရေဆောင်ခန်းမ၊ ကွန်ဖြူးရှပ်ကျောင်း၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နောင်ပိန်ကျေးရွားအုပ်စု ရှိ ဆေးထိုးစုရပ် ၅ နေရာ၌ ကာကွယ်ဆေးများ ပုံမှန် ထိုးနှံပေးနေသည့်အပြင် မိုဘိုင်း အဖွဲ့ ၃ ဖွဲ့ဖြင့်လည်း ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်း၍ ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဒီဇင်ဘာ ၇ ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ၂ ကြိမ်စလုံး ထိုးနှံပြီးသူပေါင်း ၃၄၁၃၂ ဦး၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူပေါင်း ၄၆၅၅၀ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)