ဒက္ခိဏခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ဒက္ခိဏခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၉

“အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းမည်" ဟူသောဆောင်ပုဒ်နှင့်အညီ ဒက္ခိဏခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဒက္ခိဏခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင်  ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နည်းပြဆရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ရီရီလွင်က  မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်(၇)ချက်တွင်ပါဝင်သည့်  အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်ဟူသော အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်၍ လူသားအရင်းမြစ်များသည် ကျန်းမာကြံ့ခိုင်ရန် လိုအပ်ပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ကစားနည်းသည် အားကစားနည်းအားလုံး၏ အခြေခံ လေ့ကျင့်ခန်းဖြစ်ပြီး တစ်ဦးချင်းရောအဖွဲ့လိုက်ပါ ပစ္စည်းကိရိယာမလိုဘဲ လူကိုယ်ခန္ဓာ လှုပ်ရှားကစားရသည့် အတွက် အချိန်အခါအရွေး နေရာမရွေး လှုပ်ရှားနိုင်သည့် ကစားနည်းဖြစ်ကြောင်း၊ လူအများကျန်းမာရေးကို သာမန်အချိန်မှာလည်း လေ့ကျင့်ကစားနိုင်သည့် အားကစားနည်းဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများသည် လူ့ခန္ဓာကိုယ်တစ်ခုလုံး၏ အစိတ်အပိုင်း ၊ အကြောအဆစ်များ ပျော့ပျောင်းစေသည့်အပြင် သွေးလည်ပတ်မှုနှင့် အသက်ရှူမှုကို ပိုမိုကောင်းမွန်အောင် မြှင့်တင် အားပေးသည့် သွေးပူလေ့ကျင့်ခန်းဖြစ်သောကြောင့် လူတိုင်းနေ့စဉ်မပျက်မကွက် ကစားသင့်သော အားကစားနည်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း သမီးငယ်လေးများနှင့် နည်းပြများက ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)သရုပ်ပြသခြင်းကိုလည်းကောင်း၊  ဒက္ခိဏသီရိ မြို့နယ်မှ အမျိုးသမီးတစ်ဦးက Physical Fitness Dance အကဖြင့် သရုပ်ပြသခြင်းကိုလည်းကောင်း၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း သမီးငယ်လေးများနှင့် နည်းပြများက Physical Fitness Dance အကဖြင့် သရုပ်ပြသခြင်းကိုလည်းကောင်း သရုပ်ဖော်ကပြ ဖျော်ဖြေကြသည်။

ယင်းနောက် ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ဒက္ခိဏခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က သရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေ(၅)သောင်းကျပ် ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ(၈)ရက်နေ့မှ (၁၇)ရက်နေ့အထိ (၁၀)ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)