ပင်လောင်း ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်၁၂နှစ်မှ အသက်၆၅နှစ်ကြားရှိ ပြည်သူများအား ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် စဉ်ဆက်မပြတ် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထိုကဲ့သို့ထိုးနှံပေးရာတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း သတ်မှတ်ဆေးထိုး အုပ်စုများအလိုက် စာရင်းများစနစ်တကျ ကောက်ယူထိုးနှံပေးခဲ့သော်လည်း ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများမှ သတ်မှတ်ဆေးထိုးအုပ်စုများတွင် ပါ၀င်သော်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံမှု ရာခိုင်နှုန်းနည်းပါးသည့် လွယ်မော၊ပင်ခင်၊ မြောက်ထီဗွာ၊ မွှေးပြင်၊ဘုရားဖြူ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာ၀န်ခံများအား အသိပညာပေးပြောကြားခြင်းကို ယမန်နေ့နံနက်ပိုင်းက ပင်လောင်းမြို့နယ် နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပြောကြားမှုတွင် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီဥက္ကဌ ဦးတင့်ဇော်ထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေတို့က နိုင်ငံတော်အစိုးရမှ ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စီစဉ်ပေးရာတွင် ပင်လောင်းမြို့နယ်အတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူများမှ အပြည့်အ၀ ထိုးနှံကြစေလိုကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးမှသာ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ပြီး မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများမှ ဝိုင်း၀န်းကူညီပေးကြစေလိုကြောင်း၊ စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲရေးနည်းလမ်းဖြင့်သော်လည်းကောင်း၊ သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့်သော်လည်းကောင်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းစသည့် အချက်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းလင်း(ပင်လောင်း)
မြို့နယ်(ပြန်/ဆက်)