ကျိန္တလီ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပုန်းညက်ကျေးရွာတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်နှင့်သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုအား လျော့ချနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာအချိန်၌ မြို့ငါးလုပ်ငန်းဦးစီးဌာနနှင့် ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းတို့ပူးပေါင်း၍ ကျင်းပပြုလုပ် ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့ငါးလုပ်ငန်းဦးစီးဌာန မြို့ဦးစီးမှူး ဦးကိုကိုနိုင်မှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်နှင့်ကျန်းမာရေးထိခိုက်မှုများ များစွာဖြစ်ပေါ်လာခြင်းနှင့်၊ မြစ်ချောင်း၊ ပင်လယ်၊ သမုဒ္ဒရာညစ်ညမ်းမှုကို လျော့ချနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်မှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်နှင့်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများရှိနေပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်း အစိတ်အပိုင်း များသည် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲသို့ မျှောပါသွားရာမှ ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုးကျိုးများကို ဖြစ်ပေါ်စေကာ ရေနေသတ္တဝါများ၏ ဂေဟစနစ်ကိုပါ ထိခိုက်စေပါတယ်။ ပင်လယ်သမုဒ္ဒရာထဲကို ရောက်လာတဲ့ပလတ်စတစ် အမှိုက်တွေရဲ့ ၈၀ရာခိုင်နှုန်းလောက်က စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကြောင့် မိုးရာသီရောက်တဲ့အခါမှာ မြစ်ချောင်းတွေရဲ့ရေစီးနဲ့အတူ အဆင့်ဆင့်သယ်ဆောင်ရောက်ရှိလာတာပါ။ ပင်လယ်ထဲကို ရောက်ရှိနေတဲ့ ပလတ်စတစ်အများစုက ပင်လယ်ရေမျက်နှာပြင်မှ ရေထုအနက် မီတာပေါင်းများစွာကိုဖြတ်၍ ရေအောက်ကြမ်းပြင်ကို ရောက်ရှိအနည်ထိုင်ကာ ရေနေသတ္တဝါများ၏ အဓိကအစာကွင်းဆက်ဖြစ်သည့် ရေအောက် ကြမ်းပြင်တွင်နေထိုင်သည့် ရေသတ္တဝါလေးများ၏ ကိုယ်ထဲသို့ အလွန်သေးငယ်သေးငယ်တဲ့ မိုက်ခရိုအမျှင်များအဖြစ် ဝင်ရောက်နေတာကို လက်ရှိ သုတေသနပြုလုပ်ချက်တွေအရ သိရပါတယ်။ အစာစားသောက်တဲ့ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုများကြောင့် လူသားတွေ နေ့စဉ်စားသောက်နေတဲ့ ငါးတွေရဲ့ခန္ဓာကိုယ်ထဲကိုလဲ ပလတ်စတစ်တွေဟာ မိုက်ခရိုအမျှင်အစလေးတွေအဖြစ် ရောက်ရှိနေပြီ ဖြစ်တာကြောင့် ကျန်းမာရေးထိခိုက်မှုများ များစွာရှိလာနိုင်ကာ ပလတ်စတစ်တွေကို စည်းကမ်းရှိစွာနဲ့ စနစ်ကျစွန့်ပစ်ဖို့လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာများနှင့် ဟောပြောပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူ (၅၀)ဦးခန့်သည် ပုန်းညက်ကမ်းခြေသာယာလှပရေးနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်နှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအား လျော့ချနိုင်ရေးအတွက် ကမ်းခြေတစ်လျှောက်ရှိ ပလတ်စတစ်နှင့်အမှိုက်များအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မောင်မောင်