စာဖတ်ရှိန်မြင့်တင်ရေးဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ    ဒီဇင်ဘာ    ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။           

အဆိုပါဆွေးနွေးပွဲကို ဇေယျာသီရိမြို့နယ်အတွင်းရှိ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင် ဦးဇော်မင်းထိုက်နှင့် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍  ပြုလုပ်ခြင်းဖြစ်ရာ ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များအနေဖြင့် မိမိတို့ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ယခုတက်ရောက်လာသော စာပေဝါသနာရှင်များမှတစ်ဆင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ယခုစာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးပွဲကိုပြုလုပ် ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင် ဦးမိုးထက်အောင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့်  ပြည်သူ့စာကြည့်တိုက်များက စာပေ ဝါသနာရှင်များအတွက် လွန်စွာအကျိုးရှိပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်များရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)