တာမွေမြို့နယ်တွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများကျင်းပရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များက မြို့နယ်အတွင်းရှိ ဘာသာရေး အဆောက်အဦများ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ တိကျစွာလိုက်နာ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များက မြို့နယ် အတွင်းရှိ ဘာသာရေးအဆောက်အဦများတွင် လေဝင်/လေထွက်ကောင်းမွန် အောင် ပြင်ဆင်ထားရှိမှု၊ ဘာသာရေး ကျောင်းရှိ ကြမ်းပြင်များအား ပိုးသန့်စင်ဆေးရည်များ အသုံးပြုနိုင်ရေး စီစဉ်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးနှိုးဆော်ရန် အသံချဲ့စက်များ စီစဉ်ထားရှိမှု၊ လူအများ မြင်သာသည့် နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး ပိုစတာများနှင့်ဗီနိုင်းများ ကပ်ထားကြေညာ ချိတ်ဆွဲထားခြင်း ရှိ/မရှိ၊ ခြေနင်း လက်ဆေး ဘေစင်နှင့် လက်သန့်စင်ဆေးရည်(Hand Sanitizer / Gel) များ ထားရှိပေးထားမှု၊ ပါးစပ်/နှာခေါင်းစည်း (Surgical Mask) များ စီစဉ်ထားရှိပေးထားမှု၊ အနီအောက် ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းကိရိယာ (သို့) လက်ကိုင်သာမိုမီတာ (Non-contact thermometer) စီစဉ်ထားရှိမှု၊ ဘာသာရေးအဆောက်အဦ ကြမ်းပြင် များ၌(၆)ပေ အကွာအဝေးအတွက် အမှတ်အသား များ ရေးဆွဲထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအတွက် ကျန်းမာရေးဝန်ထမ်း၊ ကြက်ခြေနီ သို့မဟုတ် စေတနာ့ ဝန်ထမ်း များနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခြင်း ရှိ/မရှိ၊ အခမ်းအနား ဖိတ်စာများတွင် တက်ရောက်သူများ လိုက်နာ ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်၊ ညွှန်ကြားချက်များအား ကြိုတင် ဖြန့်ဝေမှု ရှိ/မရှိတို့ကို အဓိကထားစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)