မိုးမောက်မြို့နယ်အတွင်းရှိ ပြည်သူများကာကွယ်ဆေးလွှမ်းခြုံနိုင်ရန် ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး

မိုးမောက်     ဒီဇင်ဘာ   ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ဆေးထိုးရန်ကျန်ရှိသည့် အသက်၁၈နှစ်နှင့်အထက် ဒေသခံပြည်သူ များ ကာကွယ်ဆေးလွှမ်းခြုံမှုရှိစေရေးအတွက် ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီမှ စတင်၍ ကြေးနန်းရပ်ကွက် ခရစ်ယာန်ကတ်သလစ် ဘုရားကျောင်းနှင့် အလင်းကောင်ရပ်ကွက် တရုတ်ဘုံ ကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မိုးမောက်မြို့နယ် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  ဆေးထိုးစုရပ်ကို နှစ်နေရာသတ်မှတ်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ကာကွယ်ဆေးလာရောက်ထိုးနှံသော ဒေသခံပြည်သူများကို Maskများအခမဲ့ပေးဝေခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူ စေခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့် အညီပူးပေါင်းကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သဲစုမိုး