ပင်လောင်းမြို့နယ်တွင် ပဥ္စမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေး ထိုးနှံပေး

ပင်လောင်း   ဒီဇင်ဘာ   ၉

ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် ၁၈ နှစ်မှ အသက် ၆၅ နှစ်ကြား ပြည်သူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခဲ့ဖူးခြင်းမရှိသည့် ပြည်သူများအား ပဥ္စမအသုတ် (ပထမအကြိမ်ဆေး) ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များနှင့်နေ့ရက်များအလိုက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ(၇)ရက် နံနက်ပိုင်းက ပင်လောင်းမြို့ ဆိုင်ကလုန်း ရှက်တာခန်းမတွင် ပင်လောင်းကြီးကျေးရွာအုပ်စုနှင့်မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်အတွင်းရှိ  ပြည်သူ ၄၆၇ ဦး၊ နောင်တရားပရိယတ္တိစာသင်တိုက်တွင် ၃၃၀ ဦးနှင့် တီကျစ်မြို့မကျောင်းတိုက်တွင် ၁၁၂၀ ဦး စုစုပေါင်း ၁၉၁၇ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခဲ့ဖူးခြင်းမရှိသော သံဃာတော်များ၊ ပြည်သူများအား စနစ်တကျစာရင်းများ ကောက်ယူ၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များနှင့် နေ့ရက်များအလိုက် ကာကွယ်ဆေးများ ဆက်လျက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

ခွန်အာကာစိုး (ပင်လောင်း)