သီပေါ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ သီပေါမြို့နယ် ကြက်ခြေနီ အသင်းခွဲ၏ စီစဉ်မှုဖြင့် ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းသော ကျေးလက်နေပြည်သူများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အခြေခံရှေးဦးသူနာ ပြုစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေကျောင်းရိပ်သာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုင်းဇော်ဝင်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းအား ဆက်လက်ပို့ချရာ သင်တန်းနည်းပြ (၅) ဦးတို့က အခြေခံရှေးဦး သူနာပြုစုနည်း၊ ရှေးဦးသူနာပြုစုသူ၏ အခန်း ကဏ္ဍနှင့် တာဝန်ဝတ္တရားများ၊ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားခြင်းနှင့် ကျန်းမာရေး အသိပညာပေး အကြောင်းအရာများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သီပေါမြို့နယ်အတွင်းရှိ ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းသော ကျေးလက်နေ ပြည်သူများ ဖြစ်ပေါ်လာစေရေး လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရန်အတွက် ရွေးချယ်ထားသည့် ကျေးရွာ (၁၃)ရွာမှ တစ်ရွာလျှင် သင်တန်းသား(၂)ဦးနှုန်းဖြင့် သင်တန်းသား (၂၆)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် အခြေခံရှေးဦးသူနာပြုစုနည်း ဘာသာရပ်အား(၃)ရက်၊ ကျန်းမာရေး အသိပညာပေးခြင်း ဘာသာရပ်အား(၂)ရက် စုစုပေါင်း သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ် ကြောင်း၊ သင်တန်းသားများ နေထိုင် စားသောက်ရေးကိစ္စများကို သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အခမဲ့ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)