မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်

မိုင်းလုံ          ဒီဇင်ဘာ      ၉

မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် တိုက်နယ် ကျန်းမာရေး ဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်က မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များ အား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ရေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ၊ ဂျပန် ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ်ဆေး တိုက်ကျွေးပေးပြီး၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတစ်ဦး အုပ်ထိန်းသူ မိဘတစ်ဦးသာလာရန်၊နှာခေါင်းစည်း(Mask)များ တပ်ဆင်လာကြရန် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ တစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ခဲ့ ကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)