သီပေါမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာ ဇာဏီဟိန်း(သီပေါ)နှင့် ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ဇာဏီဟိန်း(သီပေါ) မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများစွာရှိသည့်အထဲမှ အဓိကကျသော အကြောင်းအရာများ ဖြစ်သည့် စိတ်ဓာတ်ကိုလှုံ့ဆော်ပေးခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ်မြင့်မားလာခြင်း  အတွေးအခေါ်အားကောင်းစေခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊  စာပေ အရေးအသားကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ ဒေသန္တရဗဟုသုတ အတွေ့အကြုံ ရရှိစေခြင်း၊ တီထွင်ကြံဆမှု အားကောင်းစေခြင်း၊ စိတ်ဓာတ်နူးညံ့ သိမ်မွေ့စေခြင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)