ကျောက်ဆည် ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူ များ လူနေမှုအဆင့်မြင့်မားစေရေးအတွက် မြို့နယ်အတွင်းရှိကျေးရွာများတွင် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရွာသာအေးကျေးရွာ၌ (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရာ ယခုအခါ လုပ်ငန်းများ(၅၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ကွန်ကရစ်လမ်းခင်းရာတွင် လမ်းအရည်အသွေးပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဦးစီးအရာရှိဒေါ်ဌေးရီ (နည်းပညာ)တို့မှ အနီးကပ်ကြပ်ကြီးမှုဖြင့် ကျေးရွာလမ်းကော်မတီဦးဆောင်၍ ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၀၀)ပြည်သူထည့်ဝင်ငွေလုပ်အား၊ ပစ္စည်းတန်းဖိုး (၅၈၆၉၀၀၀)ကျပ် စုစုပေါင်း ငွေကျပ် (၁၅၈၆၉၀၀၀)ကျပ် အသုံးပြု၍ အရှည်(၇၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက ရွာသာအေးကျေးရွာရှိ အိမ်ခြေ(၁၃၁)အိမ်၊ လူဦးရေ(၅၄၈)ဦးအတွက် သွားလာရေးလုပ်ငန်းများ အဆင်ပြေသွားမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် ပိုမိုတိုးတက်ကောင်းမွန်လာတော့မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)