ဒက္ခိဏသီရိ ဒီဇင်ဘာ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေး ဆွေးနွေးပွဲများကို အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင် ဆောင်ရွက်စို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Talk Show အစီအစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဖြစ် သက်ရောက်စေသည့် အပြုအမူများ၊ အများဆုံး ကြုံတွေ့ရတတ်သည့် အမျိုးသမီးအကြမ်းဖက်ခံရမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်ခံရနိုင်မှု အခြေအနေများ၊ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုကာလအတွင်း ဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးမှု အပြည့်အစုံကို We Love Dakhinathiri Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)