နေပြည်တော် ဒီဇင်ဘာ ၉
နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆပ်ကော်မတီ အသီးသီးများမှ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ စက်မှုဇုန်အတွင်း မြေနေရာချထားမှုများနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုရန် မြေကွက်လျှောက်ထားမှုများ၊ မြေနေရာချထားခွင့်ပြုနိုင်ရေး ကိစ္စရပ်များ၊ စက်မှုဇုန်ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ သန့်ရှင်းသာယာလှပရေးကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)