ရေစကြို ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ အိန္ဒိယဒန့်သ လွန်မျိုးများ စီးပွားဖြစ်စိုက်ပျိုးမှုများလာကြောင်း ညောင်ဦးမြို့နယ် အိန္ဒိယဒန့်သလွန်စီးပွားဖြစ်စိုက် ပျိုးနေသည့် သစ်ထောင့်ကျွန်းကျေးရွာ ဦးအေးကိုထံကသိရသည်။
ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများသည် အိန္ဒိယဒန့်သလွန်မျိုး MPK1ဒန့်သလွန်မျိုးကို စီးပွားဖြစ်စိုက်ပျိုးလာရာ ထွက်ရှိလာသည့် ဒန့်သလွန်သီးများအား ရန်ကုန်၊မန္တလေးမြို့ကြီးများ သို့ ပွဲစားများမှတဆင့်ရောင်းချခြင်း၊ စိုက်ပျိုးသည့်တောင်သူများကိုယ်တိုင် သွားရောက်ရောင်းချခြင်း များဖြင့် ဒန့်သလွန်ဈေးကွက်ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် သစ်ထောင့်ရွာ ဒန့်သလွန် တစ်ဧကခွဲစိုက်ပျိုးထားသည့် ဦးအေးကိုကပြောကြားသည်။အိန္ဒိယဒန့်သလွန်မျိုးအစေ့တစ်စေ့လျင် ၁၀၀ကျပ်ပေးဝယ်ရပြီး ပျိုးထောင်စိုက်ပျိုးကြောင်း ၊ ပျိုးထောင်ချိန် ၁၅ရက်ရှိလျှင် စိုက်မည့်မြေနေ ရာသို့ရွေ့စိုက်၍ရကာ ခြောက်လရှိလျှင် အပွင့်စတင်ပွင့်ကာ အသီးသီးကြောင်း၊ စိုက်ပျိုးရာတွင် ကိုး ပေပတ်လည်စိုက်ပြီး ဖြစ်ထွန်းလာသည့် ဒန့်သလွန်ပင် မြင့်ပြီး ရှည်မျှောမသွားစေရန်ခေါင်ကိုင်းဖြတ် ဖြတ်ပေးမှသာ အပင်မမြင့်တော့ဘဲ အခက်အလက်ဖြာထွက်ကာပင်စည်တုတ်လာကြောင်း သိရ သည်။
ဒန့်သလွန်ရွက်ပင်မှထွက်ရှိသည့် အသီး၊အရွက်ကုန်ကြမ်းများမှ အဆင့်မြင့်ကုန်ချောထုတ် လုပ်ကာ ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊စင်္ကာပူ၊ အိန္ဒိယနိုင်ငံများမှဝယ်လိုအားများလာကြောင်းနှင့် မြို့ကြီးများသို့ ဒန့်သလွန်သီး(အတောင့်)အရေအတွက်နှင့်ရောင်းချနေရကြောင်းသိရကာ ဒန့်သလွန် သီး(တတောင့်)လျှင် ၁၃၀ကျပ်အထက်ရောင်းချရကြောင်း ဒန့်သလွန်စိုက်ပျိုးရောင်းချသူများက ပြောပြသည်။ဒန့်သလွန်စိုက်ပျိုးရာတွင် ရေပေးရန် ရေမြောင်းလုပ်ထားရကြောင်း ရေကြိုက်သော် လည်း ရေဝပ်လျှင် အပင်မဖြစ်ထွန်းကြောင်း (ရေဝပ်တာမကြိုက်)နှင့် တစ်နှစ်လျှင် သုံးကြိမ်သီးပြီး အပင်ကိုင်းများခုတ်ဖြတ်ပစ်ရကြောင်း ဒေသမျိုးရင်း ဒန့်သလွန်ပင်များအား အိမ်ခြံစည်းရိုးနှင့် ယာ ခင်းစပ်များတွင် ဟင်းချက်စားသုံးရန်သာ စိုက်ပျိုးကြကာ ယခုအခါ အိန္ဒိယဒန့်သလွန်မျိုးများ စီးပွား ဖြစ်စိုက်ပျိုးသူများလာနေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်း၊မြင်းခြံ ၊ ပခုက္ကူမြို့(မြစ်ခြေ)၊ရေစကြို နှင့်ဝမ်းတွင်းမြို့နယ်များတွင် စီးပွားဖြစ်စိုက်ပျိုးမှုများနေပြီဖြစ်ကာ အိန္ဒိယ ဒန့်သလွန်မျိုး PMK 1 မျိုးသာအများဆုံးစိုက်ပျိုးကြပြီး ဒေသမျိုးရင်းဒန့်သလွန်လည်း စိုက်ပျိုးမှုများလာနေပြီဖြစ်ကာ ဒန့်သလွန်သက်တမ်း နှစ်နှစ်ဆယ်ထိရှည်ကြာကြောင်းသိရသည်။
ကိုထိန်၊KPD