ကျောက်တန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တန်း  ဩဂုတ်  ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေး အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေး ဌာနဆိုင်ရာများပါ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲရုံများ တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များ မဲပေးနိုင်ရေးနှင့် မသန်စွမ်းများပါရှိပါက အဆင်ပြေစွာ မဲပေးနိုင်ရေးတို့အတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီး မိမိတို့ တာဝန်ကျ မဲရုံများ မြေပြင်အနေအထားကို ကွင်းဆင်းစစ်ဆေးကြရန်နှင့် လိုအပ်ချက်များ၊ အကြံပြုချက်များကို ပြန်လည်တင်ပြ ပေးရန်၊ အခက်အခက်များရှိပါက မြို့နယ်ကော်မရှင်နှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက် ရန်လိုအပ်ပါကြောင်း ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းကလည်း  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေး အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်မှုသည် အားရကျေနပ်မှုရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လွတ်လပ်ပြီး တရာမျှတသော ရွေးကောက်ပွဲဖြစ် ရန်   အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံဆောင်ရွက်မည့် အခြေခံပညာမူလတန်းလွန်ကျောင်းများ သို့ သွားရောက်၍ ကျန်းမာရေး ဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့် အညီမဲပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)