ကျိုင်းတောင်း ဒီဇင်ဘာ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူ လူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မခံရ စေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန် ၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်အတွင်း Hand Speaker ဖြင့် မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့် အသိပေးလှည့်လည် နှိုးဆော် ခဲ့ကြောင်း သိရသည်။
သီဟ (ပြန်/ဆက်)