လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)တွင် ၁၉၀၃၆ဦး ထိုးနှံပေးပြီးဖြစ်

လယ်ဝေး ဒီဇင်ဘာ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း တို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး (Sinovac)ကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၉၀၃၆)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာပေးခြင်းများပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာ ကျန်းမာရေးဌာနခွဲများတွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာ(၁၂)ရက်နေ့မှ စတင်ထိုးနှံပေးလျက် ရှိပြီး ဒီဇင်ဘာ(၇)ရက် အထိ ကျောင်းသား၊ ကျောင်းသူ(၉၀.၉၂)ရာခိုင်နှုန်းအား First Doseထိုးနှံပေးခဲ့ပြီးဖြစ်ကာ Second Dose အား (၆၉.၂၃) ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)