ကျောက်တန်း ဩဂုတ် ၂၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ (ပထမ)အကြိမ် လေလံတင်ရောင်းချခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ကျောက်တန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံတင်ရောင်းချ ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက အဖွင့် အမှာစကား ပြောကြား ပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးရွှေက လေလံအထွေထွေ စည်ကမ်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး အရပ်ရပ်အခွင့်အရေးလိုင်စင်များအား လေလံ တင်ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါအရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များ(ပထမ)အကြိမ် လေလံတင်ရောင်းချရာတွင် လုပ်ငန်း(၉) မျိုး အတွက် လေလံကြေး ကျပ်သိန်း (၈၉၈.၄၀) ရရှိကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)