မုဒုံ ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အသက်တစ်နှစ်မှ မွေးကင်းစကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ မြို့မ(၂) ရပ်ကွက်ရှိ လောကမာရာဇိန်ဘုရား ဓမ္မာရုံ၌ ဆောင်ရွက် ပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်း၊ အသည်းရောင်အသားဝါ(ဘီ) ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက် ဝမ်းလျောရောဂါ စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများ၊ အသက်အရွယ်အလိုက် ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများမှ လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များ သာမက ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေး ဌာနများတွင်လည်း နယ်မြေခံ ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာမှ ဘက်စုံသားဖွား ဆရာမထံမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)