ပုံပါကျင် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံ သားအခွင့်အရေးနှင့်လူမှုစီးပွားဘဝအထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုံပါကျင်မြို့၊ ဟွေအောကျေးရွာအုပ်စု၊ ကုန်းဆာရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုံပါကျင် ရှေ့တန်းရုံး တာဝန်ခံ လဝကမှူး ဦးမြင့်မိုးနှင့် ဒုတိယလဝကမှူး ဦးကျော်စွာဝင်းတို့ကကုန်းဆာရွာ အတွင်းရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်းဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)