နမ့်ခမ်းမြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မြေထိန်းနံရံ ပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်

နမ့်ခမ်း ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မြေနံရံပြုလုပ်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်း(၁၀)နာရီအချိန် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျတ် လုပ်ငန်း (၁၅)ခု၊ ပထမ(၃)လပတ် မြို့ပြငွေလုံးငွေရင်းရန်ပုံငွေမှ ပွင့်လင်းရာသီကာလတွင် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်လမ်းများဖြစ်သည့် သော်တာလမ်းတွင် မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ခင်းခြင်း၊ ချယ်ရီလမ်း၊ ဦးပန်းလမ်း၊ စုပေါင်းရုံးလမ်း၊ စိန်ပန်းလမ်းနှင့် သရဖီလမ်း (၅)လမ်းတို့မှ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မဟာဗန္ဓုလလမ်းရှိ မြေထိန်းနံရံ ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြို့ပေါ်ရပ်ကွက်လမ်းများ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မြေထိန်းနံရံ ပြုလုပ်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီနိုင်ရေးနှင့် လုပ်ငန်းများ အား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်ဖေ၊ ဦးစီးအရာရှိ ဦးခွန်မြင့်လွင် နှင့်စည်ပင်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)