နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆွေးနွေး

နောင်ချို ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Women Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ အသိပညာ ဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင် ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာကြည့်တိုက် လက်ထောက်-၃ ဒေါ်အိအိစိုး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးပေါင်ခန့်လန် ၊ အတွင်းရေးမှူး ဦးအေးမြင့်၊ အဖွဲ့ဝင်ဦးတင်အောင်သိန်း၊ (Women Club) ဥက္ကဋ္ဌ ဒေါ်ရွှေဇင်ဦးတို့က စာရေးဆရာမ ဒေါက်တာလဲ့လဲ့ဝင်း (ဒဿနိကဗေဒ)၏ “တွေးဖို့ဘာကြောင့်လိုတာလဲ” စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)