အမ်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အခမ်းအနားကျင်းပ

အမ်း ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အခမ်းအနားကို မြို့နယ်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တွင် ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပတ်သက်၍ အမျိုးသမီးများ အကြမ်းဖက်မှုဖြစ်စဉ် သမိုင်းကြောင်းများ၊ အမျိုးသမီးအကြမ်းဖက်မှု ဥပဒေများ၊ သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ ပြုမှုနေထိုင်ကြရန်၊ အမျိုးသမီးများအနေဖြင့် ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ သွားလာနေထိုင်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး သိန်းဇော်ထွန်းက အမျိုးသမီးအကြမ်းဖက်မှု ဥပဒေ၊ ကာယကံဖျက်ဆီးမှု၊ ဖျားရောင်းသွေးဆောင်မှု၊ မုဒိမ်းမှု၊ အသွားအလာမဆင်ခြင်ဘဲ အပျော်အပါး လွန်ကဲခြင်းများနှင့် ပတ်သက်၍ ရှောင်ရှားမှုရှိစေရန်၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးနှင့် မြို့နယ်အမျိုး သမီးရေးရာ အတွင်းရေးမှူး ဒေါ်ထွေးထွေးစိန် တို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ယခုပင် ဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ကြသည်။

ဟောပြောပွဲသို့ တက်ရောက်လာသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များက လက်ကမ်းစာစောင်များ၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ခဲ့ကြသည်။

အဆိုပါဟောပြောပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး သိန်းဇော်ထွန်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  မြို့နယ်အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ဆရာမများ၊ သင်တန်းသူများ တတ်ရောက် ခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း