သပိတ်ကျင်းမြို့၊ ဝါးဖြူတောင်ကျေးရွာ သုသာန်အနီးမှ ရှေးခေတ်ကဟုယူဆရသည့် ရွှေတိုရွှေစလေးများတွေ့ရှိ

သပိတ်ကျင်း ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၏ အနောက်ဘက် သုသာန်ရှိ လောင်တိုက်ကုန်းနှင့်  ကိုက် (၃၀၀) ခန့်အကွာတွင် ယနေ့နံနက်ပိုင်းက ရှေးခေတ်ကဟုယူဆရသည့် ပုတီးစေ့ပုံစံ ရွှေတိုရွှေစအနည်းငယ်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဝါးဖြူတောင်ကျေးရွာ ဒေသခံပြည်သူများမှ စားဝတ်နေရေးအဆင်ပြေစေရန် ကျေးရွာရှိသုသာန် လောင်တိုက်နေရာတဝိုက်တွင် တပိုင်တနိုင်ရွှေကျင်လုပ်ငန်းလုပ်ကိုင်ကြပြီး မိသားစုဝင်ငွေရရှိရန် အင်ဝိုင်းဖြင့် ရွှေကျင်ရာမှ ရှေးခေတ်ကဟုယူဆရသည့် ပုတီးစေ့ပုံစံနှင့်ရွှေတိုရွှေစများရရှိခဲ့ခြင်း ဖြစ်သည်။ တွေ့ရှိသည့်ရွှေမှာ သဘာဝရွှေအရိုင်းမဟုတ်ဘဲ လက်ဝတ်လက်စားအပိုင်းအစများဖြစ်ကြောင်း၊ အဆိုပါရွှေအပိုင်းအစများမှာ ရွေးကြီးတစ်ရွေး/နှစ်ရွေးခန့်ရှိပြီး တစ်ရွေးခန့်ရှိသည့်ပစ္စည်းကို ရွှေဝယ်သူများမှ ကျပ် (၂၀၀၀၀) ပေးဝယ်သော်လည်း ရွှေအရည် အသွေးကောင်းမွန်သည့်အတွက် မရောင်းသေးကြောင်း၊ ယခင်ကလည်း ၎င်းနေရာမှ ရွှေတိုရွှေစလေးများ ရရှိခဲ့ဖူးကြောင်း ဒေသခံတစ်ဦးမှ ပြောပြသည်။

ကျေးရွာနေပြည်သူများသည် ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးပြေလည်စေရန်အတွက် ရွာအနီး ပတ်လည်၌ မှိုရှာမျှစ်ချိုးရွှေရှာလုပ်ငန်းများလုပ်ကိုင်နေကြရပြီး ရွှေအတိုအစများတွေ့ရှိသည့်သတင်းကြောင့် ရွှေပါသည်ဟုယူဆရသောမြေများအား လာရောက်သယ်ယူသူနှင့် ရွှေရှာဖွေသူလူဦးရေ (၂၀၀) ခန့်ရှိကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)(ပြန်/ဆက်)