မိုင်းယောင်းမြို့နယ်၌ နှာခေါင်းစည်းများတပ်ဆင်ရန် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိ

မိုင်းယောင်း  ဒီဇင်ဘာ  ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများတပ်ဆင်ရန် ယမန်နေ့က ဗလမင်းထင်ကျောက်တိုင်အနီးရှိ နမ့်မိန်ချောင်းတံတားလမ်းဆုံတွင် ဆောင် ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ကြောင့် ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ရေးအတွက် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ နေအိမ်များတွင် နေထိုင်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေပြင်ပသို့ထွက်ရပါက နှာခေါင်းစည်းများ တပ်ဆင် သွားလာကြရန် ရပ်ကွက်၊ ကျေးရွာများတွင် အသိပေးညွှန်ကြားထားရှိပြီးဖြစ်ရာ အဆိုပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်းများ တပ်ဆင်နိုင်စေရန် အခမဲ့ပေးဝေပြီး နောင်တွင်လိုအပ်ချက်ရှိ၍ နေအိမ်မှအပြင်ထွက် ပါကနှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြစေရန်၊ အထူးသတိပြုရမည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ကိုဗစ်-၁၉ရောဂါအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျ တပ်ဆင်၍ ကာကွယ်ပါစသည့် ကျန်းမာရေးဌာနနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက်များကို အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းစီဖောင်း