လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွှေလင်ဗန်းကျေးရွာ၊ အ.ထ.က အမှတ်(၁၄)ကျောင်းတွင် အသက် ၁၀နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ များကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ယနေ့နံနက်ပိုင်း (၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းနှင့် ၀န်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းရှိ၍ ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ အမှတ်(၁၄) ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းအတွင်း အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၃၃)ဦး၊ မ(၃၇)ဦး ပေါင်း(၇၀)ဦးတို့ကို  ပြုလုပ်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခြင်း၊ လူစည်ကားရာ နေရာများတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်များ ကိုင်ကြစို့” ဗွီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ပြည်သူများ သိရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာ၊ ရပ်ကွက်အလိုက် အသီးသီး ပြုလုပ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အသက် (၁၀) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းကို မြို့နယ် လူဝင်မှု ကြီကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူး ဦးခင်မောင်ထွန်းထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)