မြောက်ဦး ဒီဇင်ဘာ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ မီးသတ်စခန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြောက်ဦးမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ် ပေးရခြင်းကြောင့် မြို့နယ်အတွင်း မကြာခဏကြုံတွေ့ရသော မီးဘေးအန္တရာယ်နှင့် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကူညီဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကိုလည်း တစ်ဘက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်မည့်အပြင်၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ကိုလည်း မီးငြိမ်းသတ်ရေး ပညာရပ်များ၊ လက်နက်မဲ့ အခြေခံ စစ်ရေးပြသင်တန်း၊ အသက်ကယ်ဆယ်ရေးပညာရပ်များ၊ မိမိတို့၏ ရပ်ရွာများတွင် လတ်တလော မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီဖြည့်စည်း ဆောင်ရွက်ပေးနိုင်ရန်စသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းအား(၂၅)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)