တိုက်ကြီး ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက် လျော့ကျလာစေရေးအတွက် အသက် ၅၅ နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ရွှေဂျိုးဖြူခန်းမ၌ ပထမအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသူ (၁၂၀၀)ဦး၊ ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၆၉၀)ဦး စုစုပေါင်း (၁၈၉၀)ဦးအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း မှတ်တမ်း စာရွက်များအား ပြန်လည်ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက အရှိန်အဟုန်မပျက် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်