ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်အပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စစ်တွေ ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်(၂၀၁၉)အပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေဟိုတယ် ခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုး က ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ဆိုင်ကလုန်း မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေကြီးခြင်းဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့ ခံစားကြရသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် တောင်တန်းများလည်း တည်ရှိနေခြင်းကြောင့် မြေပြိုခြင်း၊ မြစ်ချောင်းများ ပေါများခြင်းကြောင့် ကမ်းပြိုခြင်းစသည့် ဘေးအန္တရာယ်များလည်း ဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်က ပြဌာန်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၅ ခုနှစ်က ပြဌာန်းထားခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေတို့နှင့် အညီပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အခါ စနစ်တကျရှိစေရေးအတွက် ဥပဒေများ၊ နည်းဥပဒေများ၊ နိုင်ငံတော်၏မူဝါဒများ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်များကိုလည်း ဖြစ်ပေါ်ပြောင်း လဲလာသည့် အခြေအနေအပေါ် မူတည်ပြီး ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းများကိုလည်း  ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများအနေဖြင့် ၂၀၁၉ ခုနှစ်က ရေးဆွဲထားသည့် ရခိုင်ပြည်နယ် သဘာဝ ဘေးအရေးပေါ်အခြေအနေ တုံ့ပြန်ရေး စီမံချက်ကို ပြန်လည်သုံးသပ်ပြီး လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများအရ ပြင်ဆင်သင့်သည်များ၊ ဖြည့်စွက်သင့်သည်များကို ဝိုင်းဝန်းလေ့လာဖော်ထုတ်ပြီး မိမိတို့၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအပေါ်မူတည်ကာ တက်တက်ကြွကြွပါဝင် ဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်အပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက် (၂၀၁၉)အပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးဆောင်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထပ်မံဖြည့် စွက်သင့်သည့် အချက်များအား နှစ်ရက်ကြာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)