မိုင်းရှူး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာ များအတွင်းသို့ လှည့်လည်နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးနှိုး ဆော်ရာတွင်ပြည်သူများ အနေဖြင့်မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်း မျက်စေ့တို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ် ထိတွေ့ခြင်းမပြုရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်း ဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင်စွန့်ပစ်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ် ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော် ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်၌ ဒီဇင်ဘာလ (၆) ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၆၁၂) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၅၇၇)ဦး၊ သေဆုံးသူ(၂၂)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ (၁၃) ဦး ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)