မြစ်ကြီးနားမြို့၌ စခန်းအခြေပြု မူးယစ်ဆေး ဖြတ်ကုသရေးနှင့် ( ၂/၂၀၂၁) ပြန်လည်ထူထောင်ရေး သင်တန်း ဖွင့်လှစ်

မြစ်ကြီးနား ဒီဇင်ဘာ ၈

 

ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးစခန်း၊ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း ( ၂/ ၂၀၂၁) သင်တန်း ဖွင့်ပွဲကို ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ပြန်လည်ထူထောင်ရေး စခန်းသင်တန်း ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စခန်းတာဝန်ခံ ဦးမုန်လင်းဂမ်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပေးသွားမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးမှ သင်တန်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ စခန်းတာဝန်ခံမှ လက်ခံရယူခဲ့သည်။

မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း တက်ရောက်မည့် သင်တန်းသား တစ်ဦးက “ကျွန်တော် မူးယစ်ဆေးသုံးစွဲလို့ အိမ်မှာလည်း ဘာအကူအညီမှမပေးနိုင်တဲ့အပြင် အိမ်မှာ ရှိသမျှ ပစ္စည်းတွေလည်း ကုန်သလောက်ရှိနေပြီ မိသားစုတွေလည်း စိတ်ဆင်းရဲ ဒုက္ခအမျိုးမျိုးပေးနေ မိတာကြောင့် ကျွန်တော့်ကို ကျွန်တော်စိတ်ကုန်လာလို့ ဒီသင်တန်းကို ကျွန်တော်ဆန္ဒအရ လာခဲ့တာပါ၊ ပြီးတော့ ဒီသင်တန်းမှာက အသက်မွေးဝမ်းကြောင်းသင်တန်းအမျိုးမျိုးသင်ကြားပေးတယ်ဆိုတော့ သင်တန်းပြီးရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုလုပ်နိုင်မယ်လို့ မျှော်လင့်တာပေါ့ ဥပမာ ဆိုင်ကယ်ပြင် ဆိုင်လို မျိုးပေါ့” ဟု ပြောကြားသည်။

အဆိုပါ သင်တန်းတွင် အသက်မွေးဝမ်းကြောင်း ဘာသာရပ်များဖြစ်သည့် ဆိုင်ကယ်ပြုပြင် သင်တန်း၊ ဝရိန် သင်တန်း၊ တံဆိပ်ရိုက် သင်တန်း၊ ဆပ်ပြာပြုလုပ်နည်း သင်တန်းနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်များ ပြန်လည်ထူထောင်ပေးခြင်းများ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် မူးယစ် ဆေးဖြတ် သင်တန်းသား (၂၀) ဦးအား ဒီဇင်ဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်‌ အထိ ၃ လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပြန်လည်ထူထောင်ရေး စခန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှ စတင် တည်ထောင်ခဲ့ကာ ယနေ့အထိ သင်တန်းသား ၁၅၂ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

ယော်ဆောင်