စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိ

သီပေါ   ဒီဇင်ဘာ   ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများစာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်)သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(စာတိုက်)များသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို တစ်နေရာလျှင် (၂၅)အုပ်ခန့် အသစ် ပြန်လည်လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကိုချစ်မြတ်နိုး တတ်စေရန်၊ စာပေ ဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကိုသိရှိစေရန်၊ စာပေ ဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့် သူများအတွက် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေး ခြင်းဖြစ်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်း များက အပတ်စဉ် အင်္ဂါနေ့တွင် ဌာနဆိုင်ရာရုံးများ ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)