ပင်လောင်း ဒီဇင်ဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င် ဦးသန်းစိုးသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်တို့ လိုက်ပါလျက် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၀င်များ နှင့် တွေ့ဆုံခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးသန်းစိုးသည် ပင်လောင်းမြို့နယ် အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် အခြေခံမဲစာရင်းများ တိုက်ဆိုင်စစ်ဆေး စာရင်းသွင်းနေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးသန်းစိုးက ပင်လောင်းမြို့ နယ် အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများအတွက် အခြေခံမဲစာရင်းများ ရရှိရေး၊ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးနေမှု အခြေအနေနှင့် လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ တာ၀န်ရှိသည့် ဌာနများမှ ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဆက်လက် ဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များအား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက် ၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေးနှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်တို့က မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများနှင့် ပတ်သက်၍ လုပ်ငန်းပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးနှင့် အဖွဲ့ဝင်များသည် ပင်လောင်းမြို့နယ်ရုံ ၀င်းရပ်ကွက်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)