မြင်းခြံ ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ် လူရည်ချွန် မောင်/မယ်များအား (ခရိုင်အဆင့်) ဂုဏ်ပြုချီးမြှင့်ပွဲ ယနေ့နံနက် ၉ နာရီအချိန်က မြင်းခြံမြို့ စင်ရော်ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးမြို့ (၁၉၆၄-၁၉၈၈) မျိုးဆက်ဟောင်း လူရည်ချွန်များအဖွဲ့ကိုယ်စား မန္တလာ ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာမဉ္ဇူမင်းက လူရည်ချွန်မောင်/မယ်များအတွက် မိတ်ဆက် ဂုဏ်ပြုစကားပြောကြားခဲ့ကာ မြင်းခြံခရိုင် ပညာရေးမှူး ဦးကျော်သူက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် လူရည်ချွန်မောင်/မယ် (၆) ဦးအား မြင်းခြံခရိုင် ပညာရေးမှူး ဦးကျော်သူနှင့် မန္တလေးမြို့ (၁၉၆၄-၁၉၈၈) မျိုးဆက်ဟောင်းလူရည်ချွန်တို့က လူရည်ချွန်ရင်ထိုးတံဆိပ်များ တပ်ဆင်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်က လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုဆုတံဆိပ်များချီးမြှင့်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် လူရည်ချွန်မောင်/မယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့အများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဂုဏ်ပြုဆုငွေများလည်း ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)