ပန်းဘဲတန်းမြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ပန်းဘဲတန်း ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ “ပန်းခင်းစီမံချက်” အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနှင့် လက်ထောက်မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်တို့က ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှု အခြေ အနေများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ၌ ပန်းခင်းစီမံချက်ကို နေထိုင်မှုပုံစံ(၄)မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေထိုင်မှု ပုံစံ(၄)မျိုးမှာ (၁) လက်ရှိဇာတိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၂) လက်ရှိ ဇာတိမြေတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၃) ရွှေ့ပြောင်း နေထိုင်သူများ အတွက်  မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၄) ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ကို (၃.၅.၂၀၂၁)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အချိန်ကာလအားဖြင့် (၁၈) လ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပန်းဘဲတန်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ မြို့နယ် ရုံး၌လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်း၌ ကွင်းဆင်းဆောင်ရွက်၍ လည်းကောင်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော အိမ်ထောင်စုဇယား၊ နိုင်ငံသားစိစစ် ရေးကတ်ပြားများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ လူတိုင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ် ရေးကတ်ပြားများ လုပ်ဆောင်ကြရန် လိုအပ်ကြောင့် ဖြင့်ဆွေးနွေးခဲ့ကြသည်။

ပန်းဘဲတန်းမြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ဆောင်ရွက်မှု များနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသည့် We Love Pabaetan facebook page တွင် လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ပန်းဘဲတန်း(ပြန်/ဆက်)