မြောက်ဥက္ကလာပမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၈

၂၀၂၁ခု နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ စေတနာ လုပ်အားရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် သူနာပြုတပ်ဖွဲ့ရုံးတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဦးမြသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၂၀၂၁ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၁နှင့် ၂/၂၀၂၁ သင်တန်းများတွင် ထူးချွန်သူများအား ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ခြင်းနှင့် မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီစေတနာ လုပ်အားရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူးရုံးမှ ဒေါက်တာမြတ်စန္ဒာအေး၊ မြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်၊၊

မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် ၂၀၂၀ခု နှစ်၊ မတ်လ (၂၃)ရက်နေ့က စ၍ Quarantine Centre များ၊ ဆေးရုံများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးလုပ်ငန်းများတွင် တပ်ဖွဲ့ဝင် အင်အားများနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းကို မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးမြသန်း၏ ပြောကြားချက်အရ သိရှိရသည်။

မြမြဝင်း