ဒေါပုံ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူညွှန့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ဒေါပုံမြို့နယ် ယမုံနာ(၁) ရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူညွှန့်က မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမုံနာ (၁)ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူများကို အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီးအခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်တွယ် အသုံးပြုရာ၌ ပျောက်ဆုံး/ ပျက်စီးမှု မဖြစ်အောင် စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းသွားရန် အသိပညာပေး ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပြီး ရပ်ကွက်မှ လူဦးရေ(၅၀) ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ဝန်ဆောင်ပေးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ သတ်မှတ်လျာထားဦးရေ ပြည့်မီရေးအတွက် ကျန်ရှိသည့် ရပ်ကွက်များမှ ပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)