ကျောက်မဲ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ အမှတ် ၁ အခြေပညာအထက်တန်းကျောင်း၊ သီရိရတနာ ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင်အတွင်းရှိ ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား /သူ များ ၁၂ ဦးအား Social Distancing နှင့်အညီ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က လူရည်ချွန်ရွေးချယ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက် များကို အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ယဉ်မင်းစုမှ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် လူရည်ချွန်များကို သက်ဆိုင် ရာ အပန်းဖြေ စခန်းသို့ စေလွှတ်ရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ထားသည့် ကာလဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိမိတို့၏ သက်ဆိုင်ရာခရိုင်များ၌သာလျှင် ဤကဲ့သို့ ဂုဏ်ပြုပွဲများ ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျောက်မဲခရိုင်၊ နမ့်ဆန့်မြို့နယ်မှ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဆင့် ၂ ရရှိသော သုံးထပ်ကွမ်းလူရည်ချွန်ဖြစ်သူ မောင်ဇွဲထက်ဝင်း အပါအဝင် ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မိုးမိတ်မြို့နယ်တို့မှ ဒဿမတန်းအဆင့်လူရည်ချွန် ၄ ဦး၊ နဝမတန်း အဆင့် လူရည်ချွန် ၄ ဦး၊ အဌမတန်းအဆင့် လူရည်ချွန် ၄ ဦး စုစုပေါင်း လူရည်ချွန် ၁၂ ဦး တို့အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်အဆင့်လူရည်ချွန် ကျောင်းသား/သူများအား ဂုဏ်ပြု ချီးမြှင့်ပွဲအတွက် ပါဝင်လှူဒါန်းပေးခဲ့ သည့် အလှူရှင် ၈ ဦးအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး လူရည်ချွန်ကျောင်းသားဟောင်း ဒေါ်နန်းခမ်းအုံက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ၁၉၆၄-၁၉၈၈ လူရည်ချွန်အဖွဲ့ ကျောင်းသားဟောင်းများ၏ နှစ် ၅၀ ပြည့်မဂ္ဂဇင်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)