ကလေးလုပ်သားစစ်တမ်း (၂၀၂၀-၂၀၂၁) ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းဖွင့်လှစ်ပို့ချ

နေပြည်တော်   ဒီဇင်ဘ    ၇

နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ အစားအစာထုတ်လုပ်ခြင်းနှင့် လက်လီနှင့် လက်ကားရောင်းဝယ်ရေး (မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင် ခြင်းကဏ္ဍများ)ရှိ ကလေးလုပ်သား စစ်တမ်း (၂၀၂၀-၂၀၂၁) ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်၊ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် က လူငယ်များနှင့်ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးပသည့်အတွက် လူငယ်များနှင့် ကလေးများသည် နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်မီရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ကို ကာလတို၊ ကာလရှည် အပိုင်း(၂) ပိုင်းခွဲပြီး သတ်မှတ်ဆောင်ရွက်သွားရန် ကာလတိုငါးနှစ် စီမံကိန်း သုံးကြိမ်နှင့် ကာလရှည် ၁၅နှစ် စီမံကိန်း သတ်မှတ် ဆောင်ရွက်သွားရန် လျာထားခဲ့ပြီး ပထမငါးနှစ်စီမံကိန်း ရည်မှန်းချက်များအနေဖြင့် ခိုင်မာတိကျသော အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ အသိ ပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း ပညာအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဥပဒေဆိုင်ရာပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံနေရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့်ပြန်လည်ကုစားခြင်း မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင် အခွင့်အလမ်းများရှိစေခြင်းစသည့် ရည်မှန်းချက်(၆)ရပ်ဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော် က ကလေးလုပ်သားစစ်တမ်း (၂၀၂၀-၂၀၂၁) ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းပေး ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

အဆိုပါ သင်တန်းကို မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များ သင်တန်းသားသင်တန်းသူ (၂၈)ဦးတို့တက်ရောက်ကြပြီး စာရင်းကောင်မေးခွန်းလွှာများ၊ စာရင်းကောက်လက်စွဲနှင့် အုပ်စုအလိုက် ဆွေးနွေးခြင်း များစသည်တို့ကို (၂)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)