ဇေယျာသီရိ ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်ကူပြု အခြေခံဝါးလက်မှုသင်တန်း ဖွင့်ပွဲကို ကျည်တောင်ကျေးရွာအုပ်စု မွန်းတည့်ခွင်(မြောက်)ကျေးရွာ ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်းက မိမိတို့ဌာန အနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ယခုလို အသက်မွေးဝမ်း ကျောင်း အထောက်ကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနေခြင်းဖြစ်ကြောင်း ပြေားကြားခဲ့သည်။ ထို့နောက် ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ကျည်တောင်ကျေးရွာအုပ်စု မွန်းတည့်ခွင်ကျေးရွာမှ သင်တန်းသား/သူ (၂၀) ဦး တက်ရောက်သင်ကြားပြီး ဒီဇင်ဘာလ (၆)ရက်နေ့မှ (၁၇) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)